Saturday, April 16, 2011

လူတွေနဲ့ဘဝ

ရက်တွေအပြန်အလှန်ကုန်ဆုံး
လူတချို့မှာတော့ ကျရှုံး
တောင်လိုပုံနေတဲ့ အမုန်း
မရုန်းနိုင်အောင် သဘာဝကချည်နှောင်ထားခဲ့...

နေအထွက်နဲ့ နေအ၀င်
လမဲ့တဲ့ မှောင်မိုက်တဲ့သဲတောင်ပြင်
လူတွေရဲ့ စိတ်အထင်အမြင်
ဘယ်အချိန်တွင် ကြည်လင်ကြမလဲ...

ပြင်ဆင်ချက်မဲ့တဲ့ တစက္ကန့်အချိန်
ဦးတည်ချက်မဲ့တဲ့ ရွေ့နေတဲ့တိမ်
ပြည့်နေတဲ့ သောကတွေနဲ့လူမှာ
အသက်ရှူစရာ လမ်းပျောက်နေခဲ့...

ရောက်လေရာ အရပ်တွေမှာ
လောကကြမ္မာဆိုတာ ဇာတ်ဆရာ
လူသားတွေက ကကြိုးပမာ
ရုပ်ဆိုးစွာ တိုက်ခတ်နေခဲ့ကြ...

ပြိုပျက်နေတဲ့ အုတ်တံတိုင်းတွေလို
လူတွေရဲ့ စိတ်မှာ ညိုမှိုင်း
အိုဟိုင်းဟိုင်း အတွေးတွေနဲ့
ခရီးတွေကို ဆက်နေကြဆဲ...

ဖြစ်ပြီးပျက်တတ်တဲ့ လောကနဲ့
ရှင်သန်နေတဲ့ လူတွေအတွက်
နေစဉ်သုံးနေတဲ့ မှန်တချပ်
ရူပါတစ်ခုထဲအတွက် မဟုတ်ဘူး...

လိုတမရတဲ့ လူ့ဘ၀မှာ
ပူစာတတ်တဲ့ ကလေးတွေလို
ငြီးငြူနေမဲ့ အစား
လူရာကို ပြေးယူကြပါလား...

တွေးပူစရာမလိုရအောင်
အတ္တတွေကို ဘေးချိတ်
မာန်မာနကို အတိတ်မှာထားလို့
ခရီးသွားအချင်းချင်း ကူညီရိုင်းပင်းရင်
လောကမှာ စစ်မြေပြင်ဆိုတာ ဘယ်ရှိလိမ့်မလဲ....

P.S. "အလှအတွက် မှန်ကြည့်သလို ဘ၀အတွက်စာကြည့်ပါ...
မိမိရဲ့ စိတ်ထားတွေကိုလဲ အလှအတွက် မှန်ကြည့်တိုင်း
တစ်ခေါက်လောက် ဖတ်ကြည့်ပါ"

"မင်းကိုချစ်တဲ့သူ"

2 comments:

  1. ခရီးသွားတွေကလဲနော် ..

    တချို့တွေဆို အတူတူသွားသူချင်း ပန်းတိုင်တူသူချင်းတောင် ခြေထိုးခံချင်တတ်ကြတာ

    ReplyDelete
  2. မှန်လိုက်တဲ့ စကား... မိုးခါး လာရောက်ဖတ်ပေးလို့ကျေးဇူးပဲနော်....

    ReplyDelete