Wednesday, December 21, 2011

သုည

မနက်ဖြန်ဆိုတဲ့ အတွေးတွေနဲ့
ဘ၀ဆက်နေတဲ့ ပုရွက်ဆိတ်တွေ
စာရွက်တရွက် လှန်ဖို့ရာ
၂၄ နာရီကို အခက်အခဲများစွာနဲ့
ဖြတ်ကျော်ကြတယ်...

မြင်တွေ့နေရတဲ့ အပြုံးတွေကို
အတုနဲ့အစစ်ခွဲဖို့ ငါ့မျက်လုံးညောင်းတယ်
ငါဆိုတဲ့ကောင်က ရေထဲမှာအနည်ပါရင်တောင်
ဆယ်ထုတ်ဖို့ ဆန္ဒမရှိဘူး...

သုညဆိုတဲ့ ကိန်းဂဏန်းကို
ငါ့ကိုငါ ဆင်မြန်း
အခန်းထောင့်လေးမှာ နေခဲ့တာပါ
တန်းဖိုးတတ်ဖို့အတွက် သူများနောက်မနေခဲ့ဘူး...

ကြွေသွားတဲ့ သစ်ရွက်တွေအတွက်
ငါကဗျာစပ်ဖူးတယ်
ခြွေချခံလိုက်ရတဲ့ ဂုဏ်သိက္ခာတွေအတွက်
ဘယ်သူကများ စိတ်ဝင်စားဖူးလို့လဲ...

အရေးမပါတာတွေကို အရာပေး
ကလေးသာသာ အတွေးတွေနဲ့
ငါ့ကို အိပ်မက်တွေသိပ်မပေးပါနဲ့
ငါအိပ်ရေးပျက်လွန်းလို့ပါ...


"မင်းကိုချစ်တဲ့သူ"

1 comment:

  1. ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
    အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
    နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ ဂျေရေ။
    Happy New Year !!!

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete