Monday, April 16, 2012

အဖြူရောင် ချစ်ခြင်း

မနက်ခင်းလို့ဆိုလိုက်တိုင်း
အလင်းတွေက အမှောင်ကိုဖယ်ရှား
အချိန်မှန်မြည်တဲ့ နှိုးစက်သံတွေက
ကြည်နူးခြင်း အိပ်မက်ထဲက
ကျနော့်ကိုဆွဲထုတ်ခဲ့တယ်...

ဘ၀ဆိုတာ ဒင်္ဂါးတစ်ပြားဖြစ်ခဲ့ရင်တောင်
ကျနော်က ခေါင်းနဲ့ ပန်းကို ပိုင်ဆိုင်ခွင့်မရှိသူပါ
အပေးအယူမသိတဲ့ ငယ်စဉ်ဘ၀က
အေးချမ်းလွန်းတယ်
ရေရာမှုကင်းမဲ့တဲ့ လူကြီးရဲ့ ဘ၀ကတော့
အလျော်အစားကြီးတယ်...

လမ်းကြုံတုန်း မေးကြည့်ချင်ပါရဲ့
"အိပ်မက်ဆိုတာ ဘာလဲ"
မနက်ဖြန်အစီအစဉ်ကို ကြေငြာခြင်းလား???
ဒါမှမဟုတ် အတိတ်ရဲ့ အရိပ်တွေထင်ဟပ်နေခြင်းလား???
ဘာပဲဖြစ်ဖြစ် သူနဲ့တွေ့တဲ့အိပ်မက်ကို မဆုံးတမ်းမက်ချင်တယ်...

အပြုံးလေးတွေ သီကုံးထားတဲ့
သူမရဲ့ မျက်လုံးတွေမှာ
ကျနော် ပျော်မွေ့ ဖူးတယ်
သူ့ရဲ့ နှုတ်ခမ်းပါးပါးလေးတွေက
ကျနော့်နှလုံးသားကို ထိန်းချုပ်လိုက်သလိုပဲ
သူ့ရဲ့ အမိန့်ကိုနာခံဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ...

လမင်းရဲ့ သံစဉ် ကြယ်စင်ရဲ့ တေးတွား
စီးချက်ညီပုံကတော့ ရိုင်းလွန်းစွာလှတယ်
တွယ်တာခြင်းကင်းတဲ့ မနက်အလင်းတွေက
မဆုံနိုင်တဲ့မျဉ်းနှစ်စင်းကို ယိုင်စေခဲ့တာပဲ
တို့တွေဘာလို့မှိုင်တွေနေတုန်းလဲ...

အချစ်ဆိုတာ...
ဓားဝှက်ထားတဲ့ လူသတ်သမားလား
အပြုံးတခက်နဲ့ လျှို့ ၀ှက်တတ်တဲ့မျက်လှည့်ဆရာလား
အနာဂါတ်တွေကိုတွက်တဲ့ Tarot ဖဲချက်တွေလား
ကျနော်ကတော့ စွန်းထင်းလွယ်တဲ့
အဖြူရောင်ကိုပဲ ရိုးရိုးစင်းစင်း ချစ်ခဲ့ခြင်းပါ...



"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment