Monday, November 7, 2011

အထီးကျန်

ဝေးခဲ့ရတာတော့ သူလိုငါလိုပါပဲ
ကြယ်လေးတွေကလဲ ရိုးရိုးလေးလင်းတယ်
တွေးတွေးရင်းနဲ့ မနက်လင်းခဲ့ပြီ
ဝေးရမယ်မှန်းသိခဲ့ရင် လမ်းလျှောက်တတ်ဖို့ငါမသင်ခဲ့ပါဘူး...

လေးလံတဲ့ခန္ဓာကို ခြေထောက်ကသယ်လို့
ကမ္ဘာကြီးကိုတော့ ကောင်းကင်ကပွေ့ဖက်ထားတယ်
မျှော်လင့်ခြင်းတွေနဲ့ ငါ့ရဲ့စိတ်ကတော့
အိပ်မက်တွေကို အပိုင်းခွဲပြီးမက်နေသလိုပဲ...

သေခြင်းတရားကို မလွန်ဆန်နိုင်တဲ့
ငါအပါအ၀င် သက်ရှိတွေအတွက်
အသက်ရှင်နေခြင်းက အမြတ်တဲ့
ဝေးကွားခြင်းကိုနှုတ်လိုက်တော့ အရှုံးထွက်ခဲ့ပြီ...

လိုအင်တပ်မက်ခြင်းကို အပြစ်လို့ဆိုရင်
ငါအပြစ်က တဖက်ကမ်းကိုရောက်ခဲ့ပြီ
ခြောက်ခန်းနေတဲ့ ဒီကျွန်းလေးမှာတော့
တသက်တကျွန်း မကျရပါစေနဲ့...

လောကကြီးကို ကျေားခိုင်းလို့
လူတွေကိုနှုတ်မဆက်ပဲထွက်ခဲ့တယ်
ပြန့်ကျဲနေတဲ့ အိပ်မက်ကိုတစစီကောက်လို့
မျှော်လင့်ခြင်းတွေကို အမျှဝေခဲ့တယ်...

တကိုယ်ကောင်းဆန်တဲ့အတွေးနဲ့
ကြယ်ကြွေတာကို ကြည့်လို့
လမင်းကို စိန်ခေါ်ခဲ့တယ်
ဘယ်သူကပိုအထီးကျန်သလဲလို့...

မနက်ဖြန်အစီအစဉ်မသိတဲ့ ဘ၀ကို
ခဏလောက်ခေါက်ပြီး သိမ်းထားလိုက်တယ်
ဝေးရမယ်ဆိုတဲ့ အဖြေကိုကြိုသိနေရင်
ဒီမေးခွန်းကို မဖြေခဲ့ပါဘူး...

ဝေးခဲ့ရတာတော့ သူလိုငါလိုပါပဲ
သူမရှိတဲ့နေ့ရက်တွေမှာ
အထီးကျန်ခြင်းကို မနက်စာ
အကျဉ်းတန်ခြင်းကိုတော့ နေ့လည်စာ
ဥပက္ခာကိုတော့ ညစာအဖြစ်သုံးဆောင်လို့
လွမ်းလို့မကောင်းတဲ့ကမ္ဘာမှာတော့ ကျင်လည်နေရတုန်းပါပဲ....



"မင်းကိုချစ်တဲ့သူ"

No comments:

Post a Comment